GED ရဲ့ Science Subject

အရင်တစ်ခေါက်က Social Studies အကြောင်းတင်ပေးပြီးပြီဆိုတော့ ဒီတစ်ခါမှာ GED ရဲ့ Science ဘာသာရပ်လေးအကြောင်းကို ပြောပြချင်ပါတယ်

Science မှာ အဓိကအားဖြင့် အပိုင်း ၃ ပိုင်းပါဝင်ပါတယ်။

Life Science (40%)
ပထမအပိုင်းဖြစ်တဲ့ Life Science မှာဆိုရင်
ဆဲလ်တည်ဆောက်ပုံနဲ့ တိုးတက်မှုဖြစ်စဥ်တွေ၊ လူ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်း တည်ဆောက်ပုံ၊ကျန်းမာရေးနဲ့ အာဟာရဓာတ်၊ မျိုးရိုးလိုက်ခြင်းနဲ့ မျိုးပွားခြင်း၊ မျိုးရိုးပညာနဲ့ DNA၊သတ္တဝါ​တွေရဲ့ လိုက်လျောညီထွေနေထိုင်နိုင်မှုနဲ့ ဆင့်ကဲဖြစ်စဥ်တွေ၊
သက်ရှိပတ်ဝန်းကျင်ရဲ့ဖွဲ့စည်းမှုစနစ် စတာတွေကိုလေ့လာရမှာဖြစ်ပါတယ်။

Earth and Space Science (20%)
ဒုတိယပိုင်းမှာပါဝင်တဲ့အကြောင်းအရာတွေကတော့ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ဘူမိဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ၊ပြန်လည်ဖြည့်ဆည်းနိုင်တဲ့ သဘာဝအရင်းအမြစ်တွေနဲ့ ​ပြန်လည်ဖြည့်ဆည်းနိုင်စွမ်းမရှိတဲ့ သဘာဝအရင်းအမြစ်တွေ၊ရာသီဥတုနဲ့ မိုးလေဝသအခြေအနေ၊ စကြာဝဋ္ဌာအဖွဲ့အစည်းအကြောင်း စတာတွေပဲဖြစ်ပါတယ်။

Physical Science (40%)
နောက်ဆုံးပိုင်းဖြစ်တဲ့ Physical Science မှာတော့ အက်တမ်နဲ့မော်လီကျူးတို့ရဲ့ ဂုဏ်သတ္တိတွေ၊ဓာတုဗေဒဆိုင်ရာဓာတ်ပြုမှုတွေ၊စွမ်းအင်နဲ့လုပ်အား၊ အားနဲ့အရွေ့၊ လျှပ်စစ်စွမ်းအင်၊ သံလိုက်ဓာတ် စတာတွေကိုလေ့လာရမှာပါ။

ဒါဆို ဘာသာရပ်တွေအကြောင်းသိသွားပြီဆိုတော့ မေးခွန်းလေးတွေအ​ကြောင်းသွားလိုက်ရအောင် ...
GED ရဲ့သိပ္ပံဘာသာရပ်မေးခွန်းတွေဟာ သိပ္ပံနဲ့ပတ်သက်တဲ့စာပိုဒ်၊ ဇယား၊ မြေပုံ၊Graph၊ Diagram စတာတွေအပေါ်ကိုအခြေခံပြီး ဖြေဆိုသူရဲ့ နားလည်မှုစွမ်းရည်နဲ့ လက်တွေ့အသုံးချနိုင်စွမ်းကို စစ်ဆေးတာဖြစ်ပါတယ်။ ဒါကြောင့် ဖြေဆိုသူအနေနဲ့ စာပိုဒ်တွေ graph တွေကိုအဓိပ္ပါယ်ကောက်နိုင်ဖို့ Scientific Presentation တွေကို
နားလည်သဘောပေါက်အောင်လေ့လာထားဖို့လိုသလို အယူအဆနဲ့ သဘောတရားတွေကို လက်တွေ့ အသုံးချကြည့်ထားဖို့လည်းလိုပါတယ်။

ဖြေဆိုဖို့ကြာချိန်ကမိနစ် ၉၀ ဖြစ်ပြီးတော့ စုစုပေါင်းမေးခွန်း ၃၄ ခုကိုဖြေဆိုရမှာဖြစ်ပါတယ်။ စာမေးပွဲအောင်ဖို့အတွက်အနည်းဆုံး ၁၄၅ မှတ်ရအောင်ဖြေဖို့လိုပါတယ်။

Science Test အတွက် Computer-based Question Format လေးကတော့
  • Multiple-choice
  • Fill-in-the-blank
  • Drop-down
  • Hot-spot
  • Drag-and-drop
  • Short-answer တို့ပဲဖြစ်ပါတယ်။
ဒီလောက်ဆိုရင် GED ရဲ့ Science အကြောင်းလေးကို အပြည့်အစုံမဟုတ်တောင် အကြမ်းဖျဥ်း သိသွားမယ်လို့ထင်ပါတယ်